banner
ပိုးသတ်ဆေးများကို စိုက်ခင်းတွင် အန္တရာယ်ကင်းစွာ အသုံးပြုနည်း
tick-squareပိုးသတ်ဆေးဖျန်းရာတွင် ဝတ်ဆင်ရမည့် ကာကွယ်ရေးဝတ်စုံ 

၁။ အရေပြားပေါ်သို့ ပိုးသတ်ဆေးများမထိစေရန် ရောစပ်ရာတွင်လည်းကောင်း၊ ပက်ဖျန်းရာတွင်လည်းကောင်း ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ပါ။

၂။ တစ်ခါတစ်ရံ ပိုးသတ်ဆေးအညွှန်းစာတွင် သီးသန့်ကာကွယ်ရေးဝတ်စုံကို အသုံးပြုရန် တိတိကျကျ ဖော်ပြထားလေ့ရှိပါသည်။

၃။ ထိုသို့ ဖော်ပြမထားသည့်တိုင် လက်များ၊ ခြေထောက်များအထိ လုံခြုံစေရမည့် အင်္ကျီလက်ရှည် နှင့် ဘောင်းဘီရှည် တို့ကို ဝတ်ရပါမည်။ ဦးခေါင်းနှင့် လည်တိုင်တို့ကို ပိုးသတ်ဆေး မထိစေနိုင်ရန် အနားပြန့်ကျယ်သည့် ဦးထုပ်ကို ဆောင်းရမည်။ လက်အိတ်နှင့် မျက်စိအကာမျက်မှန်တပ်ထားရ မည်။ အချို့ပိုးသတ်ဆေးများတွင် ပိုးသတ်ဆေးအငွေ့ကို မရှုရှိုက်မိ စေရန် အငွေ့ကာကိရိယာကို အသုံးပြုရန် ထောက်ခံထားတတ်ပါသည်။

gallery image
Figure (1) Wearing protective clothing
tick-squareပိုးသတ်ဆေးချင်တွယ်ရောစပ်ရာတွင် သတိပြုရမည့်အချက်များ

၁။ ပိုးသတ်ဆေးများရောစပ်ရာတွင် ထောက်ခံထားသည့် ပြင်းအား နှုန်းထားအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၂။ ထောက်ခံနှုန်းထားထက်ပိုမို၍ အသုံးပြုခြင်းသည် အကျိုးမဖြစ်ပါ။ ထောက်ခံနှုန်းထားထက်လျော့၍ အသုံးပြုပါက ထိရောက်မှု နည်းပါးတတ်ပါသည်။

၃။ ဆေးမှုန့်နှင့် ဆေးခဲတို့ကို အမှုန့်ဖြူးကိရိယာဖြင့် ဖြစ်စေ၊ ဆေးခဲကို ကြဲပက်သည့် ကိရိယာဖြင့်ဖြစ်စေ၊ ဧရိယာ အနည်းငယ်ဆိုပါက လက်ဖြင့် ဖြစ်စေ(လက်အိတ်ဝတ်ဆင်လျှက်) အသုံးပြုနိုင်ပါသည်။

၄။ ပိုးသတ်ဆေးပက်ဖျန်းရာတွင် တောင်သူများသည် နီးစပ်ရာရေမြောင်းထဲမှ သန့်ရှင်းမှုမရှိသော ရေများဖြင့် ရောစပ်ပက်ဖျန်းကြသဖြင့် ပိုးသတ်ဆေး၏ အာနိသင်လျော့ခြင်း၊ ပျက်ပြယ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သန့်ရှင်းကြည်လင်သောရေနှင့်သာ ရောစပ်ပက်ဖျန်းသင့်သည်။

၅။ ရေဖျော်ဆေးရည်များကို ချိန်တွယ်ကိရိယာဖြင့် ချိန်တွယ်၍ ဆေးဖျန်းပုံးတွင် ရေဖြင့်ရောကာ အသုံးပြုနိုင်ပါသည်။

၆။ ရေဖျော်ဆေးမှုန့်များကိုမူ ဆေးဖျန်းပုံးထဲသို့ တိုက်ရိုက်ထည့်၍ မဖျော်ရပါ။ ပထမဦးစွာ ရေအနည်းငယ်နှင့် မပျစ်မကြဲ ဖျော်ပြီး ဆေးဖျန်းပုံးထဲသို့ လောင်းထည့်ရပါမည်။

၇။ ထို့နောက်ရေကို သတ်မှတ်ထားသည့် ပမာဏအတိုင်း ထပ်မံလောင်းထည့်ပြီး သမအောင်ဖျော်၍ အသုံးပြုရပါသည်။

၈။ ဆေးဖျန်းပုံးအတွင်းသို့ ရေကို ပြည့်လျှံသည်အထိ မဖြည့်ရ။ ဆေးဖျော်စပ်ရာတွင် တစ်နေ့တာ အသုံးပြုရမည့် ပမာဏထက် ပိုမဖျော်ရ။

၉။ ပိုးသတ်ဆေးဖျော်စပ်ရာတွင် ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ပါ။ သင့်လျော်သော ကိရိယာကို အသုံးပြုပါ။ မည်သည့်အခါမျှ လက်ဖြင့်မမွှေရ။

gallery image
Figure (2) Reading the pesticide label carefully before use
gallery image
Figure (4) Measuring and mixing pesticides systematically
gallery image
Figure (3) Don’t take and mix chemical pesticides with your hands.
gallery image
Figure (5) Systematically placing pesticide powder into the sprayer tank

၁၀။ ဆေးမှုန့်နှင့် ရေဖျော်ဆေးမှုန့်တို့ကို ကိုယ်တွယ်ရာတွင် အမှုန့်များ မပြန့်လွင့်စေရန် သေချာစွာ ကိုင်တွယ်ဆောင်ရွက်ရမည်။ အကယ်၍ ရေဖျော်ဆေးမှုန့်အိတ်ကို ဖွင့်ပါက ဖွင့်သည့်ဘက်ကို ရေနှင့် နီးကပ်စွာထားပြီးမှ ဖွင့်ပါ။

၁၁။ ဆေးမှုန့်အိတ်ခွံကို လေတွင် ဖွင့်၍ ထောင်ထားခြင်းဖြင့် အမှုန့်များ လေဖြင့်လွင့်ပါ၍ လူကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။

tick-squareပိုးသတ်ဆေးဖျန်းရာတွင် သတိပြုလိုက်နာရမည့် အချက်များ

၁။ လေ့ကျင့်မထားသောသူများကို ပိုးသတ်ဆေးပက်ဖျန်းခြင်း မပြုလုပ်စေရ။

၂။ ပိုးသတ်ဆေးပက်ဖျန်းရာတွင် အရေပြားပေါ်သို့ ပိုးသတ်ဆေးများ မထိစေရန် ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်၍ ဖျန်းပါ။

၃။ ပိုးသတ်ဆေးပက်ဖျန်းသည့်နေရာသို့ အမှုမဲ့ အမှတ်မဲ့ ကြည့်ရှုသူများ၊ ကလေးသူငယ်များနှင့် တိရစ္ဆာန်များ မလာစေရ။

၄။ ဆေးစတင်မဖျန်းမီ အသုံးပြုမည့် ‌ဆေးဖျန်းကိရိယာ၏ အစိတ်အပိုင်းများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးပါ။

၅။ ချွတ်ယွင်းနေသော ပိုးသတ်ဆေးဖျန်းကိရိယာများနှင့် ဆေးပေကျံနေသော ပိုးသတ်ဆေးဖျန်း ကိရိယာများကို အသုံးမပြုရ။

၆။ ပိုးသတ်ဆေးရည် ဖြည့်ပြီးတိုင်း ဆေးဖျန်းပုံး၏ အပြင်မျက်နှာပြင်ကို ဆေးကြောပါ။

gallery image
Figure (6) Pesticide spraying while wearing protective clothing
gallery image
Figure (7) Preventing unauthorized people and animals from entering the area being sprayed with pesticides
gallery image
Figure (8) Do not use leaky and defective spraying equipment
gallery image
Figure (9) Do not spray pesticides against the wind
gallery image
Figure (10) Avoid application on hot sunny days

၇။ လေအောက်မှ ပိုးသတ်ဆေးမပက်ဖျန်းရပါ။ လေပြင်းထန်သော အချိန်တွင် ဆေးမဖျန်းသင့်ပါ။ လေပြင်းကြောင့် ပက်ဖျန်းလိုသည့်နေရာသို့ ဆေးမရောက်ရှိနိုင်ပါ။

၈။ နေအေးချိန် (မနက်စောစော/ညနေစောင်း) တွင် ဆေးဖျန်းပါ။
မနက် ၆ နာရီမှ ၉ နာရီအတွင်း သို့မဟုတ် ညနေ ၄ နာရီမှ ၆ နာရီအတွင်း အပူချိန် နည်း၍လေငြိမ်နေသောအချိန်တွင် ဖျန်းပေးပါ။ နေပူလွန်းသောအချိန်တွင် ဆေးမဖျန်းသင့်ပါ။ နေပူလွန်း၍ အပူချိန်မြင့်မားချိန်တွင် ချွေးပေါက် ပိုမိုကျယ်လာသဖြင့် ပိုးသတ်ဆေးများ လူကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သည့်အတွက် ဖြစ်သည်။

၉။ ယာမြေတွင် လမ်းလျှောက်နှုန်းမှာ တစ်စက္ကန့်လျှင် (၃) ပေနှုန်း ဖြစ်၍ လယ်မြေများတွင် တစ်စက္ကန့်လျှင် (၁.၅) ပေနှုန်းဖြင့် ပုံမှန်လျှောက်ပါ။

၁၀။ ပိတ်ဆို့နေသော ပိုးသတ်ဆေးခေါင်းကို ပါးစပ်ဖြင့် မမှုတ်ရ။ သေးသွယ်သော ပစ္စည်းဖြင့်ထိုး၍ ရေဖြင့် ဆေးကြောဖွင့်ရမည်။

gallery image
Figure (11) Do not blow out the clogged pesticide nozzle with mouth
gallery image
Figure (12) Use a small brush or needle to unclog the nozzle and rinse with water
gallery image
Figure (13) Do not eat or drink while spraying pesticides

၁၁။ ပိုးသတ်ဆေး ကိုင်တွယ်ချိန်တွင် အစာစားခြင်း၊ ရေသောက်ခြင်း ဆေးလိပ်သောက်ခြင်း မပြုလုပ်ရပါ။

၁၂။ ဆေးဖျန်းပြီး (၂၄) နာရီကြာမှ နောက်တစ်ကြိမ် စိုက်ခင်းထဲသို့ဝင်ပါ။ ဆေးညွှန်းတွင် ညွှန်ကြားထားသည့်အတိုင်း ဆေးဖျန်းပြီး အနည်းဆုံးကြာရမည့်အချိန်ကို ကျော်လွန်မှ စိုက်ခင်းထဲသို့ ဝင်ခြင်း၊ သီးနှံများကို ရိတ်သိမ်းခြင်း ပြုလုပ်ရမည်။

၁၃။ တစ်နေ့တာပက်ဖျန်းရမည့် ဆေးပမာဏထက်ပို၍ ဖျော်စပ်မထားရ။ အကယ်၍ ဆေးညွှန်းတွင် လက်ကျန်ဆေးများကို နောက်ရက်များတွင် အသုံးပြုနိုင်ကြောင်းထောက်ခံမှသာ ပို၍ ဖျော်ပါ။

၁၄။ တစ်နေ့တာ အသုံးပြုပြီးသော ဆေးဖျန်းကိရိယာကို လုပ်ငန်းပြီးဆုံးပြီးတိုင်း စစ်ဆေး၍ ဆေးကြောသန့်စင်ပေးပါ။

၁၅။ ပိုနေသောဆေးများ၊ ဆေးကြောသည့်ရေများကို ရေကန်ထဲ၊ ချောင်းထဲနှင့် လမ်းပေါ်တွင် မစွန့်ပစ်ရ။ ဆေးကြောရေများကို ကျင်းထဲသို့ လောင်းထည့်ပါ။

၁၆။ တစ်နေ့တာအသုံးပြုပြီးသော ကာကွယ်ရေးဝတ်စုံများကို လုပ်ငန်းပြီးတိုင်း လျှော်ဖွတ်ပါ။

gallery image
Figure (14) Washing protective clothing and taking a bath after spraying pesticide
tick-squareပိုးသတ်ဆေးကို ထောက်ခံနှုန်းထားထက် ပို၍ အသုံးပြုပါက ဖြစ်ပေါ်နိုင်သော ပြဿနာကြီး (၃) ရပ်

၁။ ဖျက်ပိုးများသည် ဆေးကိုခံနိုင်ရည် ရှိလာတတ်သည်။ ခံနိုင်ရည်ရှိသောပိုးသည် နှိမ်နင်းရန် မလွယ်ကူတော့ပေ။ ထို့အပြင် ဆေးဖျန်းလျှင် အရင်သုံးခဲ့သောဆေးနှုန်းပမာဏထက် ပိုအသုံးပြုရသဖြင့် ပိုးသတ်ဆေးဖိုး ငွေပိုမိုကုန်ကျစေသည်။

၂။ ပိုးသတ်ဆေးများကို လိုအပ်သည်ထက်ပိုဖျန်းလျှင် သီးနှံပေါ်တွင် ဓါတ်ကြွင်းအာနိသင် ပိုမိုပါ၀င်နိုင်သဖြင့် စားသုံးသူများကို အန္တရာယ်ဖြစ်စေသည့်အပြင် နိုင်ငံခြားစျေးကွက်သို့ တင်ပို့ရောင်းချခွင့်လည်း ဆုံးရှုံးနိုင်သည်။

၃။ အသုံးပြုရမည့် ဆေးပမာဏထက်ပို၍  နှုန်းလွန်ပမာဏ ပက်ဖျန်းခြင်းဖြင့် သီးနှံပင်တွင် ကျရောက်သည့် သာမန်ဖျက်ပိုးများသည် အဓိကဖျက်ပိုးများ ဖြစ်လာသည်။ ထိုပိုးများကို ထပ်မံ နှိမ်နင်းရသဖြင့် ပိုးသတ်ဆေးဝယ်ယူစရိတ်၊ ဆေးဖျန်းစရိတ် စသည်တို့ ပိုမို ကုန်ကျစေသည့် အပြင်  ဆေးဖျန်းသူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ပတ်၀န်းကျင်ကိုလည်း ညစ်ညမ်းမှု ဖြစ်ပေါ်  စေနိုင်သည်။

tick-squareတရား၀င်မှတ်ပုံတင်ထားသော ဆေးဘူး / ဆေးထုပ်များကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

၁။ မြန်မာစာအညွှန်းပါရှိသဖြင့် သုံးရမည့်ဆေးပမာဏကို လွယ်ကူစွာ တွက်ချက် ဖျော်စပ် အသုံးပြု နိုင်ခြင်း

၂။ အသုံးပြုမည့် ပိုးသတ်ဆေးနှင့် မိမိစိုက်ပျိုးသီးနှံတွင် နှိမ်နင်းလိုသည့် ပိုး၊ ရောဂါ၊ ပေါင်း စသည် တို့အတွက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးနှင့်နှုန်းထားကို  လွယ်ကူစွာ သိနိုင်ခြင်း

၃။သက်တမ်းကုန်ဆုံးမည့်ရက်ကို ဖေါ်ပြထားသဖြင့် သက်တမ်းလွန်နေသော ပိုးသတ်ဆေးများကို လွယ်ကူစွာ သိရှိနိုင်ခြင်း

၄။သီးနှံများ မခူးဆွတ်မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ပါရှိသဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါ၀င်မှုမရှိစေရန် ပိုးသတ်ဆေးဖျန်းရက်ကို ချင့်ချိန် ဆောင်ရွက်နိုင်ခြင်း

၅။ ပိုးသတ်ဆေးဖြန့်ဖြူးသော ကုမ္ပဏီ၏လိပ်စာ ပါရှိသောကြောင့် ပိုးသတ်ဆေးနှင့် ပတ်သက်၍ တစ်စုံတစ်ခုသော ကိစ္စကြီးငယ်ပေါ်ပေါက်ပါက ဆက်သွယ်နိုင်ခြင်း၊ သတင်းအချက်အလက် ရယူနိုင်ခြင်း၊ ကုမ္ပဏီ၏တာ၀န်ခံမှု၊ တာ၀န်ယူမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင် ပါသည်။

tick-squareပိုးသတ်ဆေးများဝယ်ခြင်း

၁။ ပိုးသတ်ဆေးကို ထုတ်လုပ်သည့် ကုမ္ပဏီတံဆိပ်ရိုက်နှိပ်ပြီး လုံခြုံစွာ ပိတ်ထားသော ဘူးများတွင် ထည့်ထားမှ ဝယ်ယူရမည်။

၂။ ကျရောက်သောဖျက်ပိုးနှင့် ပက်ဖျန်းရမည့်ဆေး ကိုက်ညီမှု ရှိအောင် ဝယ်ယူပါ။

၃။ မြန်မာအညွှန်းမပါ အညွှန်းစုတ်ပြဲနေသော ပိုးသတ်ဆေးဗူး/ထုပ်များအား မဝယ်ပါနှင့်။

၄။ မူလအထုပ်၊ ပုလင်း၊ ဗူးအတိုင်း ဝယ်ယူပါ။

tick-squareပိုးသတ်ဆေးများကို သယ်ဆောင်ခြင်း

၁။ ပိုးသတ်ဆေးများကို အစားအစာများ၊ လူများ၊ တိရိစ္ဆန်များနှင့်အတူ မသယ်ဆောင်ရ။ သီးခြားသယ်ဆောင်ရမည်။

၂။ ပိုးသတ်ဆေးတင်ဆောင်မည့်ယာဥ်တွင် ပြူထွက်နေသော သံ၊ သတ္ထုပြားနှင့် သစ်သားစများသည် ပိုးသတ်ဆေးပုံးများကို ပေါက်စေနိုင်၍ မပို့ဆောင်မိ စစ်ဆေး၍ ဖယ်ရှားပစ်ပါ။

၃။ ပိုးသတ်ဆေးပုံးများကို မြင့်ရာမှ ပစ်မချရ။
ပိုးသတ်ဆေးပုံးများကို ခိုင်ခံ့စွာ ချိတ်နှောင်၍ ယာဥ်ဘေးအကာထက် ပိုမိုမမြင့်စေဘဲ သေချာစွာ တင်ရမည်။

၄။ ပိုးသတ်ဆေးများကို သိုလှောင်ရုံသို့ မတင်သွင်းမီ ဖိတ်ယိုခြင်း၊ အနံ့မရှိခြင်း၊ ဆေးညွှန်းစုတ်ပြဲနေခြင်းရှိ/မရှိ စစ်ဆေးပြီး လိုအပ်ပါက ပြန်လည် ပြုပြင်ပြီးမှ ထားသိုပါ။

banner

မြန်မာ့မြေမှာ တိုက်တန်သုံး အထွက်နှုန်းတွေ တဟုန်းဟုန်း

mail
ဆက်သွယ်ရန်